တစ်လောကလုံး၊ ညွှတ်ရုံးဦးချ၊
နှိုင်းမမျှသား၊ ဘုရားရွှေစက်၊
ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား၊
ရိုညွှတ်တွား၍၊ သားနှင့်မိဘ၊
တပည့်စသည်၊ ပြုရသောဝတ်၊
ချွတ်မူပါယ်ရွာ၊ လားမည့်တာကြောင့်၊
သုတ်ပါထေယျ၊ ကျမ်း၌ပြသည်၊
လောကကျင့်ရာ၊ အကျဉ်းမှာပိမ့်၊
နတ်ရွာဘို့လုံးလုံး ကျက်၍သုံး။
၁။ သားသမီးကျင့်ဝတ် ငါးပါး
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊ လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊
ကျင့်ဘွယ်သားတို့တာ။
၂။ မိဘကျင့်ဝတ် ငါးပါး
မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊
အတတ်သင်စေ၊ ပေးဝေနှီးရင်း၊
ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊
ဖခင်မယ်တို့တာ။
၃။ တပည့်ကျင့်ဝတ် ငါးပါး
ညီညာထကြွ၊ ဆုံးမနာယူ၊
လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊
သင်တွေးအံရွတ်၊ တပည့်ဝတ်၊
မချွတ်ငါးခုသာ။
၎။ ဆရာ့ကျင့်ဝတ် ငါးပါး
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊
သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊
သင့်ရာအပ်ပို့၊ ဆရာတို့၊
ကျင့်ဖို့ ဝတ်ငါးဖြာ။
၅။ လင်ကျင့်ဝတ် ငါးပါး
မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊
မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊
မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။
၆။ မယားကျင့်ဝတ် ငါးပါး
အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊
မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊
ပျင်းရိမမူ၊ ဝတ်ငါးဆူ၊
အိမ်သူ ကျင့်အပ်စွာ။
၇။ မိတ်ဆွေကျင့်ဝတ် ငါးပါး
ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊
စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊
သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊
ကျင့်လေ မိတ်သဟာ။
၈။ ဒါယကာကျင့်ဝတ် ငါးပါး
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊
ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊
တတ်အားလှူစေ၊ ငါးခုနေ၊
ပြုလေ ဒါယကာ။
၉။ ရဟန်းကျင့်ဝတ် ငါးပါး
မကောင်းမြစ်ထာ၊ ကောင်းရာကိုလှစ်၊
အသစ်ဟောကျူး၊ နာဘူးထပ်မံ၊
နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊
ရဟန်းမှု၊ ခြောက်ခု လွန်သေချာ။
၁၀။ ကျမ်းသိင်္ဂါလ၊ သုတ်ဝယ်ပြ၊ သုံးဝမြတ်ဆရာ။
၁၁။ ကျင့်ဝတ်မပြေ၊ ပါယ်လေးထွေ၊ လားလေရှည်မြင့်ကြာ။
၁၂။ ဤသည့်ဝတ်ကုန်၊ ဆွေမျိုးစုံ၊ ခြောက်ဘုံ ထက်နက်ရွာ။
၁၃။
လှည်းဘီးပြင်က၊ နားစောင့်ချသို့၊
မိဘနှင့်သား၊ မယားနှင့်လင်၊
အရှင်နှင့်ကျွန်၊ ထေရ်မွန်တကာ၊
မိတ်သဟာနှင့်၊ ဆရာတပည့်၊
တည့်တည့်မချွတ်၊ ကျင့်ဝတ်စုံလင်၊
ဖြူသန့်စင်မူ၊ ရှင်လည်းမကွေ၊
သေလည်းမကွာ၊ နတ်ရွာလူ့ပြည်၊
လှည့်လည်အတူ၊ စံစားမူ၍၊
နိဗ္ဗူရွှေပြည်၊ ဝင်အံ့သည်တည့်၊
မတည်ကျင့်ဝတ်၊ ချွတ်သူတို့မှာ၊
မလွတ်သာသည်၊ သေရွာဘို့ လုံးလုံး လူဖြစ်ရှုံး။
သင်္ဂဇာဆရာတော် ၏ သိင်္ဂါလောဝါဒ ဆုံးမစာ ပြီး၏။
No comments:
Post a Comment